သည်အချိန်ဆိုလျှင်အမိမြန်မာပြည်မှာတော့ ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေဝေစပြုပြီပေါ့။ တနှစ်စာ အဖေါ်ပြုခဲ့တဲ့ရော်ရွက်ဝါတွေလဲ အချိန်တန်တော့ ပင်အိုကိုစွန့်ကာ လေရူးသုန်သုန်ရဲ့ ချော့မြူ ကစား တေးသွားမှာကခုန်ဆော့ကစားနေတော့မည်။ ပင်အိုသည်သာ အဖေါ်မဲ့အထီးကျန် လောကဓံ ကိုသူခံစားနေတော့မည်။ အော်- အဖေါ်သစ် ရွက်နုတွေလဲ ဝေစပြုနေပြီမို့အားမငယ်ပါနဲ့လို့အားပေး လိုက်ခြင်သည်။ တပေါင်းလ နှင့်ပတ်သက်၍ “ ရှစ်ခွင်တိုင်းမူန်မိုင်းတဲ့ပတ်လည်၊ သဇင်ကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊ ဖူးညွန့်ကိုက်စည်၊ ဘမရာရွှေပိတုန်းငယ်တို့၊ ခြွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖေါ်ကွဲ၊ ယင်းသည့် နေ့ဆိုင်၊ ရသေ့သူတိုင်မှ၊ ဥာဏ်မခိုင်ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်စာညီပြောပေပ၊ ကြော၍သာမြဲ” ဟု ကုန်းဘောင်ခေတ်ပြဇာတ်ဆရာကြီးဦးကျင်ဥ ကရေး စပ်ခဲ့သည်။
စာဆိုရှင် ရှင်ဥတ္တမကျော်ကလည်း သူ၏တောလားကဗျာထဲ၌ “ လေခမြေသက် ဈာန်ဝိ တက်သို့၊ သစ်ရွက်ရော်ယီ ဣန္ဒနီဝယ်၊ သိင်္ဂံတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တော လုံးလင်းသား” ဟုရေးစပ်ခဲ့သည်။ ဤကဲ့သို့တပေါင်းလကို အမျိုးမျိုးအမွန်းတင်ရေးသားစပ်ဆိုခဲ့ကြ သည်။ အမွန်းတင်ရေးသားစပ်ဆိုမည်ဆိုလည်း စပ်ဆိုလောက်ပါသည်။ တပေါင်းလသည်ကား လေရူး တသုန်သုန်တိုက်၍ ဖုန်လုံးတွေကလည်း တလိပ်လိပ်တရိပ်ရိပ် ရော်ရွက်ဝါတို့ကလည်း ၀ဲကာပျံလို့ တောတောင်တွေကြည့်လိုက်ပြန်တော့ ရွက်ဟောင်းတွေစွန့် ရွက်သစ်ဝေစပြုတဲ့အချိန် သည်မြင်ကွင်း သည်အဆင်းကား ပန်းချီဆရာ ဘယ်မှာသာပါအံ့နည်း။ မြင်ရသူတိုင်း ဘ၀င်သိမ့်သိမ့်ရင်ကိုငြိမ့်ပါဘိ။ သံစုံသံကျူးနေသော ဥသြပျိုတို့၏တေးသံသာသည်လည်း တောတောင်ပသာဒကို အလှပေါ် အယဉ်ဆင့်သကဲ့သို့ အသွင်တင့်လိုနေပေသည်။
စာရေးသူတို့လည်း စာသင်နှစ်တနှစ်တာကုန်ခဲ့ပြီမို့ ပညာသင်ကြားစည်းပူးခဲ့ရာ အမိတက္ကသိုလ် ကိုစွန့်ခွာရတော့မည်။ ရော်ရွက်ဝါနှယ် ဘ၀လေလိုင်းခေါ်ဆောင်ရာလိုက်ကာ ကပြအသုံးတော်ခံ ရဦးမည်။ ဘယ်သို့ဘယ်ပုံခရီးဆက်ရအုံးမည်မခန်းမှန်းနိုင်သေး။ ပင်အိုပမာ အမိတက္ကသိုလ်ကြီးသည် လည်း ခဏတာအထီးကျန်အဖေါ်မဲ့ခဲ့သော်လည်း သည်အချိန်အခါဆိုရင်ဖြင့် ရွက်သစ်ပမာ ကျောင်း တော်သား အသစ်တို့ဖြင့် ပဏာတင့်နေပေပြီ။ အမိတက္ကသိုလ်ကြီးကိုကြည့်ကာလွမ်းမိပါ၏။ သို့သော်-အမိမြန်မာပြည်က ဆရာသမား၊ မိဘ၊ ရဟန်းဒကာ၊ဒကာမတွေလဲ မျော်နေတော့မည်။ ဥသြပျိုတို့လဲ အလွမ်းတေးတွေသီ အလွမ်းတေးသီချင်းတွေဆို လွမ်းမူ့တွေပိုလို့နေရော့မည်။ ရွာဦးကျောင်းက ခေါင်းလောင်းသံလဲ ချိုလွင်မြမြလွမ်းတသသရှိနေရော့မည်။
မွေးရပ်ဌာနေ အမိမြန်မာပြည်မှာတော့ အလွမ်းဆုံးကတော့အမေပဲပေါ့။ အမေသည် သားကိုတဦးတည်းသားမို့ရင်ခွင့်အောက်ကအပျောက်မခံခဲ့ပေ။ သည်လိုနှစ်လကြာရှည်အမေမခွဲဘူး၊ ပညာရေးအတွက်မတတ်သာလို့အမေလွတ်လိုက်ရသည်။ အမေရင်ထဲမှာလွမ်းဆွေးမူ့ သောက မျက်ရည်တွေကအပြည့်။ အမေဘ၀သည် သားဘ၀၊ သားဘ၀သည် အမေဘ၀ဖြစ်သည်ဟု အမေကခံယူထားသည်။ သားကအရွယ်ရောက်လို့ စာသင်သားဘ၀ စာချဘုန်းကြီးလေးဘ၀ ရောက်နေတာတောင် အမေက ကလေးလေးလိုမြင်သည်။ တလတကြီမ်မတွေ့ရရင် အမေမနေတတ်။ တွေ့ရင်လည်း အနေအထိုင်အစားအသောက်ကို မနားတတ်အောင်မှာတတ်သည်။ အော်- အမေဆိုတာ ကိုရင်သွေးကို ဘယ်အရွယ်ရောက်ရောက်ကလေးလေးပဲမြင်တတ်သည်။
မျက်စိအောက်က အပျောက်မခံခဲသောအမေသည် အခုလောက်ဆိုသားတော်မောင်ကို လွမ်း လိုက်မည့်ဖြစ်ခြင်း သားပြန်မည့်လမ်းကိုမျော်မှန်းကာနေတော့မည်။ အ၀ါရောင်သင်္ကန်းဆင်မြန်းတဲ့ ရဟန်းတော်များ ရွာထဲသို့ကြွရင် သားတော်မောင်ပြန်လာသလားလို့ ကြည့်မိသည့်အခါများ ဘယ် လောက်များပြီလဲ အမေ။ မျော်ရတဲ့အမေမျက်နှာမှာ လွမ်းဆွေးမူ့မျက်ရည်တွေနဲ့ ပြည့်နေပြီလား အမေ။ သားကိုလွမ်းလို မက်ခဲ့တဲ့အိမ်မက်ပေါင်း များလှပြီလားအမေ။ သားပြန်လာခဲ့ပါတော့မယ်အမေ၊ သားလည်းအမေကိုလွမ်းလှပါပြီအမေ။ ဒါကြောင့် အမိတက္ကသိုလ်ကြီးကို ပြောလိုက်ခြင်ပါသည် အဝေးကသာလွမ်းပါတော့မည်ဟု။
No comments:
Post a Comment