မြန်မာတို့ရဲ့သင်္ကြန်
သင်္ကြန်ဟူသည်မှာ ပါဠိဘာသာ “သင်္ကန္တ”(Saṇkanta) မှ သက္ကဋဘာသာ “သင်္ကြန်” (Saṇkran) ဟူသော ဝေါဟာရသို့ပြောင်းလဲလာက မြန်မာတို့က သင်္ကြန်ဟု သက္ကတနာမည်ခေါ်လျှက် “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပါယ်ရပေသည်။ ဤမဟာသင်္ကြန်ကူးပြောင်းခြင်းသည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီငါးကြင်းရုပ်အမှတ်အသားရှိသော မိန်ရာသီိမှ ဆိတ်ရုပ်သဏ္ဌာန်၊ ဆိတ်တို့၏ သဘော ပူသောမိဿရာသို့ တနင်္ဂနွေဂြိုဟ်မင်းကူးပြောင်းဝင်လာခြင်းဖြစ်၍ ကူးပြောင်းသော ရာသီအိမ်အားလျော်စွာ သင်္ကြန်ရေတို့ဖြင့်ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင်ပျော်ရွှင်ကစားခြင်းတည်း ဟူသော အတာသဘင် သည် ဖြစ်ပေါ်ခဲ့ပေသည်။ သာသနာဝင်ကျမ်းများအရ ကပ္ပီလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင်ကစားကြခြင်းသည် အတာသဘင်၏သမိုင်းစဉ်တွင် ရှေးအကျ ဆုံးသောမှတ်တမ်းတရပ်ဖြစ်ပေသည်။ ထိုနောက်မဟာရာဇ၀င်တွင် ဖော်ပြပါရှိသောပုဂံပြည် နရသီဟပတေ့၊ တရုတ်ပြေးမင်းလက်ထက် ကျင်းပခြင်းသည် ဒုတိယမြောက်ဖြစ်၍ မြန်မာပြည်အတွက်ဆိုလျှင် ရှေးအကျဆုံးတွေ့ရသော အတာသဘင်မှတ်တမ်း ဖြစ်ပေသည်။ မြန်မာတို့၏ ထီိးမူနန်းရာအစဉ်လာယဉ်ကျေးမှုများသည် သာကီဝင်မင်းတို့၏ ထုံးတမ်းစဉ်လာမှ သက်ဆင်းခဲ့သည်သာများ၍ ဤရေဖျန်းသဘင်ကျင်းပခြင်းလည်း ထိုအတူပင်ဖြစ်ပေသည်။ တရုတ်ပြေးမင်းလက်ထက် ရေဖျန်းသဘင် ကစားပုံမှာ နန်းတော်ကသည် မြစ်ဆိပ်သို့တိုင်အောင် တလျှောက်တည်း တဲဆောက်ပြီးသော် လူမမြင်သာအောင် ကာရံပြီးလျှက် နန်းတော်ကမိဖုရား မောင်းမတို့နှင့်တကွ တဲတန်းဥမင်သို့ ကြွသွား၍ ရေဆိပ်မှာ ရေကစားခြင်း ဖြစ်သည်။
ထိုသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံသာမက ထိုင်း၊ ကမ္ဘောဒီယား၊ လာအို စသောနိုင်ငံတို့၌လည်း ကျင်းပကြပေသည်။ မြန်မာတို့၏ နှစ်တနှစ်၏ အစဆုံးလဖြစ်သော တန်ခူးလတွင် သင်္ကြန်ပွဲတော်ကိုကျင်းပသည်။ သင်္ကြန်ကာလသည် သင်္ကြန်အကြို အကြတ် အတက် နေ့ဟုသတ်မှတ်ထားကြသည်။ အကြတ်နေ့သည် ပုံမှန်မရှိပေ။ တချို့နှစ်များ၌ အကြတ်ရက်သည် ၂ ရက်မျှရှိသည်။ ယ္ခုခေတ်ကာလ၌ သင်္ကြန်တွင်းကာလများတွင် လူငယ်လူရွယ်သာမက အရွယ်ပေါင်းစုံ ရေသွန်းလောင်းခြင်း၊ ပက်ဖျန်းခြင်းကိုပျော်ရွင်စွာဆင်နွဲကြသည်။
မြန်မာတို့သည် အပျော်အပါးပွဲလမ်းသဘင်ကို ခုန်မင်မက်မောကြသည်။ မြန်မာတို့၏ ၁၂ လသည်လည်း ပွဲသဘင်မရှိသောလဟူသည်မရှိလောက်ပေ။ ပင်ကိုယ်စရိုက်မှာလည်း ပျော်ပျော်နေတတ်ကြသည်။ လူတယောက်နှင့်တယောက်စကားပြော လျှင်ပြုံးပြီးပြောတတ်ကြသည်။ သည်ပင်ကိုယ်စရိုက်သည်ချစ်စရာကောင်းသော စရိုက်ဖြစ်သည်။ သို့သော်အပျော်လွန်လျှင် လည်းမကောင်းတော့ပေ၊ အပျော်လွန်ပျက်တတ်သည်ဟု လူကြီးသူမတို့ သတိပေး ဆုံးမတတ်ကြသည်။ ပျက်ရုံတင်မကပဲသေတဲ့အထိတောင်မြန်မာတို့ကပျော်ကြသည်။ တနှစ်တကြိမ် သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရသူများ သေကျေသောသူများကို မြင်တွေ့နေကြ ရသည်။ ထိုကြောင့် အခြင်းခြင်းရေသွန်းလောင်းရာ၌ ယဉ်ယဉ်ကျေးကျေးသွန်လောင်း ပက်ဖျန်းရန်လို ပေသည်။ ရှေးဘုရင်များလက်ထက်၌ ပြည်သူတို့အား အခါ (၃) ရက်အတွင်း ထုံးစံရှိသည့်အတိုင်း နံနက် ညနေအချိန်တွင်သာ ရေကြည်ရေအေး၊ အမွှေးအထုံရည်များနှင့် ယဉ်ကျေးဖွယ်ရာ ပက်ဖျန်းကစား ကြရမည့်အကြောင်းကို မြို့တွင်းမြို့ပြင် ရပ်စုကွက်စုများ၌ သင်္ကြန်မကျမီကပင် တင်ကြို၍ မောင်းကြေးနင်းခပ်ကာ သတိပေးခဲ့ကြသည်။ ယ္ခုခေတ်ကာလသည်လည်း ရွှေမြန်မာတို့ သည် မိမိတို့ဓလေ့ထုံးစုံပွဲသဘင်ကို မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမူ့ ၀တ်စားဆင်ယင်မူ့တို့ဖြင့် တန်ဘိုးမြင့်ဘို့လိုပေသည်။
ဦးခေါင်းဆေးလျှော်ခြင်း
သို့သော် လူကြီးလူ ငယ်များစွာလည်း ဘုရားကျောင်းကန်သွားလျက် ဥပုသ်သတင်းဆောက်တည်ခြင်း၊ ဘာသာရေးကိစ္စ များဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ကောင်းမူ့တို့ကိုပြုကြသည်။ သင်္ကြန်တွင်းကာလများ၌ ဒုလ္လဘ ရဟန်းဝတ်ခြင်း၊ သီလရှင်ဝတ်ခြင်း၊ တရားစခန်းများဝတ်ရောက်အားထုတ်ခြင်းတို့လည်းရှိကြသည်။ထိုပြင် သင်္ကြန်အခါတွင် ပြုသင့်ပြုထိုက်သော ကိစ္စတရပ်ရှိပေသေးသည်။ ယင်းမှာ နှစ်ဆန်း ၁ ရက်နေ့၌ ဦးခေါင်းဆေးလျှော်ခြင်း ဖြစ်သည်။ ဦးခေါင်းဆေးလျှော်ခြင်းသည် မိမိတို့ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းဆံပင်ဖျား၌ နောက်နှစ်ကတင်ရှိ ပါလာခဲ့သော ချေးညှော်အညစ်အကြေးများကို ကူးပြောင်းလတံ္တ့သော နှစ်တနှစ်ဦးဘက်ဆီိသို့ မပါစေရန်အတွက်ဟု အယူရှိကြပေသည်။ နိမိတ်မင်္ဂလာယူခြင်းပင်ဖြစ်သော်လည်း စိတ်၏ သန့်ရှင်းမှု၊ ကိုယ်၏ သန့်ရှင်းမှုဟု အကျိုးပြုရာရောက်၍ ပြုသင့်ပြုထိုက်သော ကိစ္စပင်ဖြစ်သည်။ မြီု့ ရွာ ကျေးလက်ဒေသများစွာ၌လည်း နှစ်ဆန်း ၁ ရက်များတွင် အဖိုးအဖွားများ၊ မိဘဆရာမားများအားကန့်တော့ခြင်း၊ သက်ကြီးရွယ်အိုအဖိုးအဖွားတို့ကို ခေါင်းလျော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်း၊ ညနေချမ်းအခါ၌ ဘုရားကျောင်းကန်စေတီတို့မှပြန်လာသော အဖိုးအဖွားတို့ရေချိုးရင်ရေချမ်းအိုးများတည်ထားခြင်းတို့ပြုလုပ်ကြသည်။
ဆီသည် ရွာစား “လက်ျာရွှေတောင်” ဘွဲ့ရ ဦးအောင်ကြီးဆို “သာစွလေ” အစချီသော (၁၂) ရာသီဘွဲ့လူတား မိဿရာသီ တန်ခူးလဘွဲ့တွင် “ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်းခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီဒါငယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ ကင့်စံပပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတည့်လေး။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး။” ဟူ၍ စပ်ဆိုခဲ့ခြင်းဖြင့် ရှေးခတ်မြန်မာတို့ အတာသဘင်ကို ယဉ်ကျေးသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပုံကို သိနိုင်ပေသည်။
ရတနာပုံ မန္တလေးခေတ်သို့ ရောက်သည့်အခါ၌ကား အတာသဘင်၏ ယဉ်ကျေးမှုစံချိန်သည် အထွတ်အထိပ်သို့ တိုင်လေတော့သည်။ ယင်းအကြောင်းကို ထိုခေတ်က စပ်ဆိုသီရေးခဲ့သည့် ကဗျာ၊ လင်္ကာများတွင်လည်းကောင်း၊ ရာဇ၀င်တော်ကြီ၌လည်းကောင်း တွေ့မြင်ဖတ်ရှုနိုင်ပေသည်။
“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြလျှင်အကောင်း ဆုံးဖြစ်သည်။ ရောက်ရှိလာတော့မည် သင်္ကြန်အချိန်အခါမှာ ရွှေမြန်မာတို့အနေနဲ့ ရွှေတန်ဘိုးကိုရှေးရူ လျက် တန်ဘိုးမဖြတ်နိုင်သော မြန်မာယဉ်ကျေးမူ့ထုံးထမ်းအစဉ်အလာတို့ဖြင့် အတာသင်္ကြန်ကိုနွဲပျော် နိုင်ကြပါစေလို့ဆန္ဒပြုရင်း-ဆရာဇော်ဂျီ၏ -တန်ခူးလ-သင်္ကြန်ကဗျာဖြင့်အတာသင်္ကြန်ကိုကြိုဆိုလိုက်ပါ သည်။
တန်ခူးလ
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခမ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပ
ကြားခြင်လှပေလိမ့်မယ်။
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခမ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပ
ကြားခြင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြုးနိုင်ပါ့
ထူးပါဘိတယ်။
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြုးနိုင်ပါ့
ထူးပါဘိတယ်။
ဇော်ဂျီ
ကျမ်းကိုး= မြန်မာဆယ့်နှစ်လ အကြောင်း (မောင်ထင်)
(လူထုဂျာနယ် ၂၇ မတ်လ၊ ၁၉၅၅) မှတ်-၆၀ မှ)
Myanmar online encyclopedia

