ဂေါတမဗုဒ္ဓဘုရားရှင်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်လျှင် လေးသင်္ချေနှင့်
ကမ္ဘာတသိန်းအထက်၌ သုမေဓာရှင်ရသေ့ ဖြစ်ခဲ့သည်။ ထိုအချိန်မှာ ဒီပင်္ကရာဘုရား
ပွင့်တော်မူချိန်ဖြစ်သည်။ သုမေဓာရှင်ရသေ့သည် ကြိုးစား၍ တရားအားထုတ်ရာလောကီ
ဈာန်အဘိညာဉ်တန်ခိုးရ၍ ကောင်းကင်၌ သွားလာလှည့်လည်နိုင်သော အခြေသို့ပင်
ရောက်ခဲ့သည်။ သို့ရာတွင်လောကုတ္တရာဈန်အဘိဥာဏ်ရသော ရဟန္တာ မဖြစ်သေးပေ။
အကယ်၍ ဒီပင်္ကရာဘုရားနှင့်တွေ့နေရာ ဆက်လက်တရားအားထုတ်လျှင်
ရဟန္တာဖြစ်နိုင်သော အခွင့်အလမ်း ရှိပေသည်။ သို့သော် ရဟန္တာအဖြစ်ကို မယူခဲ့။
ဘုရားအဖြစ်သို့ ရောက်ရန်ပင် ရည်မှန်းချက်ထားခဲ့သည်။ ဒီပင်္ကရာဘုရားရှင်
ကြွလာရာတွင်
ပြုပြင်ဆဲလမ်းပေါ်၌ ဘုရားရှင် ရွှံ့ပေါ်တွင် မကြွရလေအောင် မိမိကိုယ်ကို
ဝမ်းလျားမှောက်လျက် တံတားအဖြစ် ခင်း၍ လှူခဲ့သည်။ ဘုရားအဖြစ်ကို
ဗျာဒိတ်ခံယူခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ယောက်ျားအာဇာ နည်တို့မည်သည်
သူတပါးအကျိုးစီးပွားကိုဆောင်လိုသော ပရဟိတစိတ်ဓါတ်အပြည့်ရှိသည်။
မိမိ၏လုံးလစွမ်းပကားကို မိမိအကျီုး-အတ္တဟိတအတွက်သာအသုံးမချပေ။ လောကကောင်း
ကျီုးကိုလည်းစွမ်းဆောင်လိုသော စိတ်ဓါတ်အပြည့်ရှိသည်။
ဤသို့ခံယူအပြီး၌ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ဘ၀များစွာတွင် ပါရမီ ၁၀-ပါးကို
ဖြည့်ကျင့်အားထုတ်ခဲ့သည်။ ထိုသို့ ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီးသုံးချက်ကို
ဦးထိပ်ထား၍ကျင့်ဆောင်ခဲ့သည်။
ယင်းတို့မှာ-
(၁) လောကလူသား ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး
(လောကတ္ထစရိယာ)
(၂) မိမိ၏ အမျိုးသား၊ မိမိ လူမျိုးကောင်းစားချမ်းသာရေး (ဉာတတ္ထစရိယာ)။
(၃) သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရားဖြစ်ရေး
(ဗုဒ္ဓတ္ထစရိယာ)။
တို့ဖြစ်သည်။ဘုရားရှင်သည် ဘုရားလောင်းဘ၀၌ရှိစဉ် ဘ၀တိုင်း၊ ပါရမီဖြည့်ကျင့်တိုင်း
ဤရည်မှန်းချက်ကြီးသုံးရပ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့လေသည်။ ယင်းတို့ကို
စရိယာသုံးပါး-အကျင့်သုံးပါးဟုခေါ်၏။ ဤစရိယာသုံးပါးကို ဘုရားဖြစ်သောအခါ၌လည်း
ဗုဒ္ဓဘုရားရှင်သည် ဆက်လက်ဆောင်ရွက်တော်မူသည်။ ထိုသို့ဆောင်ရွက်တော်မူရာ၌လည်း
မိမိတဦးတည်း၏ အကျိုးဖြစ်သော ဖလသမာပတ် ၀င်စား၍ ချမ်းသာစွာနေတော် မူခြင်းကို
ခေတ္တခဏမျှသာ ပြုတော်မူသည်။ကျန်အချိန်များတွင် လောကလူသား၊ ကမ္ဘာသူကမ္ဘာသား
သတ္တ၀ါတို့အကျိုးနှင့် မိမိ၏ အမျိုးသား၊ မိမိ၏ လူမျိုးတို့အကျိုးကိုသာ အမျိုးမျိုး
ဆောင်ရွက်တော်မူခဲ့သည်။ အလွန်စံပြုဦးထိပ်ထားအပ်သောပုဂ္ဂိုလ်မြတ်ကြီးဖြစ်ပေသည်။
ညဦးယံ၌ရဟန်းတော်များအား တရားဟောတော်မူခြင်း၊
သန်းကောင်ယံ၌နတ်ဗြဟ္မာများအားတရားဟောတော်မူခြင်း၊ စသည် တို့ကိုပြုလျက်
ခေတ္တမျှကျိန်းစက်တော်မူပြီးမိုးသောက်ယံ၌ စင်္ကြာဝဠာလောကဓါတ်တခုလုံးကို
သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် တရားဟောလျှင် တရားထူးရနိုင်မည့် ပုဂ္ဂိုလ်တို့ကိုကြည့်တော်
မူသည်။ တရားထူးရမည့်ပုဂ္ဂိုလ် ရှိလျှင် မည့်မျှဝေးကွာသည်ဖြစ်စေ ထိုပုဂ္ဂိုလ်၏ အကျိုးကို
ရည်မျော်လျှက်ကြွရောက်ကာတရား ဟောတော်မူပါသည်။ ဤတွင်ဘုရားရှင်၏ ရည်ရွယ်
ဆောင်ရွက်တော်မူသော စရိယာသုံးပါးကို ကျွန်ုပ်တို့လည်း စံမှီးအတုယူ ဆောင်ရွက်
သင့်သည်ဟု ဆင်ခြင်မိသည်။ ကျွန်ပ်တို့သည် ရဟန်းဖြစ်စေ လူပုဂ္ဂိုလ်ဖြစ်စေ ရောက်သည့်
နေရာဒေသတို့တွင် သူတပါးတို့၏ကျီုးစီးပွားကိုတတ်နိုင်သလောက်
ဆောင်ရွက်သင့်ပေသည်။ ကျွန်ုပ်တို့သည် မည်သည့်ဘာသာဖြစ်စေ မည်သည့်လူမျီုးဖြစ်စေ
မိမိအစွမ်းရှိသလောက် ဆောင်ရွက်သင့်ပေသည်။ သည်နေရာ၌ ရှေးဆရာတော်ကြီးများ၏
အဆုံးအမ ကဗျာလေးကို သတိယမိပါသည်။
ကိုယ်တည်းတယောက်၊ ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး
ဗုဒ္ဓမြတ်စွာ၊ သာသနာ၏
ရှေးခါဘိုးဘ၊ လက်ထက်ကလျှင်
ရသည့်တန်ဖိုး၊ ထပ်မညှိုးဖို့
အားကြိုးမာန်တက်၊ ငါဆောက်ရွက်သည်
ဆက်လက် တည်တံ့ပါစေသော် ...။
အတ္တသုခါယ ၀ါယမော၊ နေသော မမ ကဒါစိပိ။
သမ္ဗုဒ္ဓ သာသနေဿဝ၊ ဌပနာယ အယံ မမ။ ( မဟာဝင်)
မမ=အမျိုးဘာသာ သာသနာနှင့် ပညာစီးပွား အကျိုးများကို တိုးပွားစေလို ဤငါ့ကိုယ်၏။
အတ္တသုခါယ=မိမိတွက်သာ တသက်လျှာမျှ ချမ်းသာသုခ ပြည့်ဝဖို့အကျိုးငှါ။
ဧသော ၀ါယမော = သို့ကလောက်ပြင်းပြ ဇွဲလုံ့လဖြင့် နေ့ညမအား လွန်ကြိုးစားခြင်းသည်။
ကဒါစိပိ = နေ့စဉ်မှန်မှန် ပြုဖို့ရန်များ မဆိုထားဘိ စိတ်အားဖြင့်ကြံ တခါတရံမျှလည်း။
န ဟောတိ = အကယ်စင်စစ် မဖြစ်ပါချေ။
အယံ ၀ါယမော= ရှေးရှေးအလောင်းသူတော်ကောင်းတို့ ထုံးဟောင်းရည်မှန်း ဤသို့ကြိုးပမ်း
ခြင်းသည်။
သမ္ဗုဒ္ဓသာသနဿ = ဗုဒ္ဓဘုရားတည်ထောင်ထားသည့် အများတွက်သာ အဆုံးအမ
သာသနာတော်ကြီးကို။
ဌပနာယဧ၀= မြဲမြံခိုင်ကြံ့နေရောင်ဝါသို့အစဉ်အမြဲ ထာဝရတည်တံ့စေခြင်း အကျိုးငှါသာလျှင်။
ဟောတိ=စိတ်ဖြင့်လည်းကြံ နှုတ်ဖြင့်အံလျက် အမှန်ပင် ဖြစ်ပါပေ၏။
ဤကဲ့သို့ဆရာတော်များ ရှေးမင်းကောင်းမင်းမြတ်များ၏ ထုံးနှလုံးမူကာ လိုက်နာကျင့်
သုံးခြင်းဖြင့် လောကလူသားများ၏ အကျီုးစီးပွားကို စွမ်းနိုင်သမျှ
ဆောင်ရွက်သင့်ပေသတည်း။
No comments:
Post a Comment