မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် ကဆုန်လပြည့်ဟာဗုဒ္ဓဘာသာဝင်တို့ရဲ့ အထဋ်အမြတ်ထားရာ ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာဆိုရင် မဟာလူသားမြတ်ဗုဒ္ဓ၊ သစ္စာတရားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာဘုရားရှင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကဆုန်လပြည့်ဗုဒ္ဓနေ့လို့ခေါ်ဆိုပြီး နိုင်ငံတကာသုံးအနေနဲ့တော့ ကဆုန်လပြည့်နေ့ကို ဝိဆက်ဒေး (Vesak Day) သို့မဟုတ် ဝိဆာခါဒေး (Vesaka Day) လို့ခေါ်ပါတယ် ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင်းပတဲ့ရက်တွေမတူညီသလို အခေါ်အဝေါ်တွေလည်းကွဲပြားကြပါတယ်။
အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti) လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း (fó dàn) ၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီးခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ခေါ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။ အမျိုးမျိုးသောဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ၀ိဆက်ပွဲတော်ရက်ကို အတိအကျသတ်မှတ်ဖို့တော့ခက်ပါတယ်။
ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံအသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက်သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက်ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ကျရောက်လေ့ရှိပါတယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါညီလာခံမှာ မြတ်စွာဘုရားရဲ့မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့အဖြစ်အပျက်များကို အမှတ်တရဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံဗုဒ္ဓနေ့လို့လဲသုံးကြပါတယ်။
ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ထူးခြားတဲ့အချက်(၅)ချက်နှင့် ပြည့်စုံသည့်အတွက်နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ထိုငါးချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁ ။ ဗုဒ္ဓမြတ်စွာဘုရား လောင်းဟာ သုမေဓါရှင်ရသေ့ဘဝနဲ့ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာတဲ့လမ်းခရီးမှာ မိမိကိုယ်ကိုတံတားအဖြစ်ဝမ်းလျားမှောက်ပေးတော်မူပြီးနောက် ယသော်ဓရာ အလောင်းသုမိတ္တာမိန်းကလေးထံမှကြာပန်းကိုယူလျှက် ဒီပင်္ကရာမြတ်စွာဘုရားအား လှူဒါန်းတော် မူပါတယ်။ ဒီပင်္ကရာမြတ်စွာဘုရားရှင်မှအလှုကိုလက်ခံတော်မူပြီး ဒီရသေ့ဟာ နောက် လေးသင်္ချနဲ့ ကမ္ဘာတစ်သိန်းအကြာ ဘဒ္ဒကမ္ဘာမှာ ဂေါတမဘွဲ့တော်နဲ့ ဘုရားစင်စစ်ဖြစ်မယ်ဆိုတာကိုတာ ဗျာဒိတ်တော် ထားတဲ့နေ့ဟာ ဒီကဆုန်လပြည့်နေ့ဖြစ်ပါတယ်။
၂ ။ ဘုရားလောင်းရဲ့နောက် နောက်ဆုံးဘဝ သိဒ္ဓတ္ထမင်းသားအဖြစ် မဟာသက္ကရာဇ် ၆၈ ခုနှစ် ၊ ကဆုန်လပြည့် နေ့ (ဘီစီ ၆၂၃ )သက္ကတိုင်း ၊ ကပိလဝတ္ထုမြို့တော်နဲ့ ဒေဝဒဟမြို့အကြားမှာရှိတဲ့ လုမ္ဗနီအင်းကြင်းတောမှာဖွားမြင်တော်မူခဲ့ပါတယ်။ ဒါကြောင့်မြတ်စွာဘုရားရှင်မွေးနေ့ဟာလည်း ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲမြတ်စွာဘုရာှးရင်ရဲ့ ဖွားဘက်တော်တွေဖြစ်တဲ့ ညီတော် အာနန္ဒာ ၊ ယသော်ဓရာမိဖုရား ၊ ဆန္ဒအမတ် ၊ကဏ္ဍကမြင်း ၊ မဟာဗောဓိညောင်ပင်နှင့် ရွှေပလ္လင် ၊ ရွှေအိုးကြီး ၄ လုံးတို့ပါတပြိုင်တည်းပေါ်ထွန်းခဲ့ပါတယ် ။
၃ ။ မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။ ဒီဘုရားဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာပဲ မြတ်စွာဘုရားရှင်က အတွင်းရန်ဖြစ်တဲ့ကိလေသာရန်ကိုအောင်မြင်တော်မူခဲ့ပြီး၊ အပြင်ရန်ဖြစ်တဲ့မာနတ်ရန်ကိုအောင်မြင် တော်မူခဲ့ပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားများသာရရှိအပ်သော သဗ္ဗညုတရွှေဥာဏ်တော်ကြီးကိုလည်း ဒီကဆုန်လပြည့်နေ့မှာပဲရရှိတော်မူခဲ့တာဖြစ်ပါတယ်။
၎ ။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးတစ်နှစ်အကြာ မဟာသက္ကရာဇ် ၁၀၄-ခုနှစ် ကဆုန်လပြည့်နေ့(ဘီစီ ၅၈၇) သာဝတ္ထိမြို့၊ဇေတဝန်ရွှေကျောင်းတော်ကြီးမှာ ဗုဒ္ဓဝင် ပါဠိတော်ကြီးကို ဟောကြားခဲ့ပါတယ်။ ဒါကြောင့်ဘုရားရှင်ရဲ့ဖြစ်စဉ်တော် ဗုဒ္ဓ၀င်ကိုဟောကြားခဲ့တာလည်း ဒီကဆုန်လပြည့်ပဲဖြစ်ပါတယ်။
၅ ။ မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ် ၄၅ ဝါပတ်လုံး တရားဓမ္မဟောကြားပြီး သတ္တဝါတို့အကျိုးကို နေ့မနားညမအားကြိုးစားဆောင်ရွက်တော်မူခဲ့ပြီး မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ကဆုန်လပြည့် (ဘီစီ ၅၄၃)နေ့ ကုသိနာရုံပြည် ၊မလ္လာမင်းတို့ရဲ့အင်ကြင်းစုံစုံပေါက်ရောက်နေသော အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ် ။ ဒါကြောင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတာလဲ ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့ အချက် ( ၅ ) ချက်နဲ့ ပြည့် စုံနေတဲ့ ကဆုန်လပြည့်နေ့ကို ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ ဓလေ့မှာတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကိုနေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီး ဗုဒ္ဓရဲ့အမှတ်အသားအပင်ဖြစ်တော်မူတဲ့ ဗောဓိညောင်ပင်တို့ကို ညောင်ရေ သွန်းလောင်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့ လုပ်ဆောင် ကြပါတယ်။
ကံ ( ဥဒကံ ) ဆိန္ဒတိ ဧတ္ထာ တိ ကံဆိန်၊
ကံ ( ဥဒကံ ) ဆိဇ္ဇတိ ဧတ္ထ ( ဧတသ္မိံ မာသေ တိ ) ကံဆိန်၊
ဧတ္ထ ဧတသ္မိံမာသေ - ဤကဆုန်လ၌ ၊ ကံ ဥဒကံ - ရေသည်၊ ဆိဇ္ဇတိ - ခြောက်ခမ်း ပြတ်တောက်တတ်၏၊ ဣတိတသ္မာ-ထို့ကြောင့်၊ကံဆိန်-ကဆုန်လမည်၏။
ကဆုန်လပြည့် နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်တို့အတွက် နှိင်းလို့ မရနိုင်တဲ့ နေ့ထူးနေ့မြတ် တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံးလို့ ဆိုရမယ့်ကဆုန်လကို ရေပြတ်တဲ့လ၊ ရေရှားပါးတဲ့လလို့ဆိုရတာပါ၊ သစ်ပင်ကြီးငယ်အားလုံး ရေရှားလွန်းလို့ ညှိုးရော် နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို ကာလဒါန လို့ ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါန ကို ပြုကြခြင်းပဲ ဖြစ်ပါတယ်၊
ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး ဖြစ် ပျက် ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား ဘုရားရှင်ကို တမ်းတမှု့ တွေ ဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော် ကို ပိုမို အသက်ဝင်စေပြီးစိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်၊
ဗောဓိဆိုတဲ့ပါဠိသည်သိမြင်တော်မူခြင်း၊သိမြင်တော်မူရာလို့အဓိပ္ပါယ်ရပါတယ်။ ဘုရားရှင် အဆူဆူတို့ရဲ့ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူရာ သစ်ပင်ထူး ၊သစ်ပင်မြတ် တွေကို ဗောဓိပင်လို့သတ်မှတ်ခေါ်ဆိုကြတယ်ဖြစ်ပါတယ်။
ဗောဓိပင်ဆိုတာဖွားဘက်တော်လည်းဖြစ်သလို ပရိဘောဂစေတီထိုက်တယ်ဆိုတာကို ဘုရားရှင် သက်တော်ထင်ရှားရှိကတည်း အရှင်အာနန္ဒာကိုမိန့်ဆိုခဲ့ပါတယ်။ ဘုရားရှင်ကိုယ်စား ပူဇော် ထိုက်ကြောင်း တေရသကနိပါတ်တော်လာ ၊ကာလိင်္ဂဗောဓိဇာတ်မှာပြဆိုထားပြီး၊ ခုဒ္ဒကပါဠိ အဋ္ဌကထာ နိမိကဏ္ဍသုတ်အဖွင့်၌လည်း ပရိဘောဂစေတီ မည်ကြောင်းဖွင့်ဆိုထားပါတယ်။
ဘုရားရှင်တွေရဲ့ သစ္စာလေးပါးကိုသိမြင်ရာ မဟာဗောဓိပင်ဆိုတာ ဘုရားရှင် တို့သက်တော် ထင်ရှားရှိစဉ်မှာပင် စေတီမည်ပါတယ်။
ဘုရားရှင်မိန့်မှာစကားကိုမှတ်သားပြီး အရှင်အာနန္ဒာလည်း မဟာဗောဓိပင်မှမျိုးစေ့ကို သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မုခ်ဦးတံခါးဝ၌ စိုက်ပျိုးခဲ့ပါလေတော့သည်။ဗုဒ္ဓဂယာ မြေမြတ်မဟာမှညောင်မျိုးစေ့ကိုတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက တန်ခိုးဖြင့်ယူဆောင် ပေးတယ်လို့တော့မှတ်သားဘူးပါသည်။ လူအများသည်ဘုရားရှင်မရှိခိုက်လာ ရောက်ကြလျင် ဗောဓိ ပင်ကို ဘုရားရှင်ကိုယ်စားပူဇော်ဖူးမျှော်ကြပါတယ်။ အဆိုပါဗောဓိပင်သည်ကား အာနန္ဒာဗောဓိပင် အဖြစ်မှတ်သားခေါ်ဝေါ်ကြပါတယ်။
` ညောင်ရေသွန်းကြတယ်ဆိုတာကတော့ မြန်မာမင်းများလက်ထက်ကစတင်ခဲ့တာ ဖြစ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့နွေကိုဖြတ်သန်းရတဲ့ သစ်ပင်ဆိုတာရေစင်လေးတွေ သောက်သုံးရမှ လန်းဆန်းရမှာပါ။ မုတ်သုန်မိုးကလည်းလုံလောက်အောင် မရွာသွန်းနိုင်သေးတဲ့အချိန်မို့ ဗုဒ္ဓဘာသာဝင် တို့ အထွဋ်အမြတ်ထားရာ ဘုရားရှင်ကိုယ်စား ညောင်ဗုဒ္ဓဟေဗောဓိပင်ကို လန်းဆန်းစေတဲ့ ရေစင်လှူဒါန်းမှုကို ရှေးလူကြီးများအမျှော်အမြင်ကြီးစွာ စီမံခဲ့တာဖြစ်ပေလိမ့်မည်။
မြန်မာ သက္ကရာဇ် ၅၃၆ တွင် နရပတိစည်သူမင်းလက်ထက်တွင်ပေါင်လောင်ရှင်ဟုအမည်တွင်သည့် အရှင်ကဿပမထေရ်သည်သီဟိုဠ်(သီရိလင်္ကာ)ကျွန်းသို့သွားရောက်ပြီး ဗောဓိညောင်စေ့များကို မြန်မာနိုင်ငံသို့ ယူဆောင်လျက် စိုက် ပျိုးခဲ့ကြပါတယ်။
ညောင်ရေသွန်းသည့်ဓလေ့ကို မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ် ပင်းယတွင် မင်းပြုသော ဥဇနာမင်းကြီးသည်ပုဂံမှ နရပတိစည်သူမင်းထံမှ ဗောဓိညောင်စေ့ များကိုတောင်းခံလျက် ကိုယ်တော် တိုင်စိုက်ပျိုးခဲ့ ကြောင်းသိခဲ့ရပါတယ်။ ဥဇနာမင်းသည် စိုက်ပျိုးပြီး ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဦးဆောင်ကျင်းပခဲ့ပါတယ်။
စာဆိုရှင်နဝဒေးက
ဝဇီရာခေါင်၊ရွှေညောင်ဗောဓိ၊ဒက္ခိသာခ၊ရုပ်ရှင်လှနှင့်
ဝိဇယရံသီ၊သရီမွေပုံ၊ ရွှေစည်းခုံလည်း၊ဖြာတုန်တစ်သန်း၊နေ့ညဉ့်ထွန်းသား
အက်ကျွန်းမင်းသာ၊ကိုးကွယ်ရာကို၊ဒီပါဇမ္ဗူ၊ရွှေပြည်သူတို့၊ဆုယူရွှင်လန်း
တင်လှူဒါန်း ၍ တိမ်ပန်းပဇ္ဇုန်၊ ချိန်းမဲ့သုန်သည်၊ကဆုန်ညောင်ရေသွန်းတည်း။
လို့ရေးဖွဲ့မှတ်တမ်းတင်ခဲ့ပါတယ်။
မဟာအတုလမင်းကြီးကလည်း --
မြူခြေငယ်စွန်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊
တောက်လောင်ငယ်ထိန်သည်။
ဖလ်သူရိန်တေဇောကြောင့် ပူဗျာကဲတဲ့ လကိုလေး။
ရာသီငယ်ပြိဿ၊မဟေသီလည်း၊ရွေညီခလို့၊
ပန်းမြစကားဝါ၊ ဝိသာခါနှင့်၊ တာရာခြံရံ၊ စန်းငွေယုံ ဖန် သည့် နှယ်၊
ဆဒ္ဒန်ပိုင်ဗွေဘုံမှာ၊ လကဆုန်ညောင်ရေပွဲမို့ သဲလှတယ်လေး။
လို့ရေးဖွဲ့ခဲ့ တဲ့မှတ်တမ်းလေးတွေအရလည်း နွေအပူကိုရေအလှူပေးကြတဲ့ မြန်မာ့ရိုးရာဓလေ့ကို တွေ့မြင်နိုင်ပါသေးတယ်။