သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက် အ၀င်ဆိုင်းပုဒ်
စာရေးသူသည် ၂၀၁၀-ခုနှစ် သိရီလင်္ကာနိုင်ငံမှပြန်ရောက်လာသောအခါ ဆရာသမားများ၏ တာဝန်ပေးချက်အရ မူအမည်ဟောင်း ကျောင်းကြီးကျောင်းတိုက်အား သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက် အမည်ဖြင့် ပြောင်းလည်းဖွင့်လှစ်လျက် စာသင်သား ရဟန်းသာမဏေတို့အား စာဝါများစတင်ပို့ချခဲ့ပါသည်။
သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အတွင်း၊ ကွင်းကောက်မြို့၊ နန်ကသူချောင်း၏ တောင်ဘက်ကမ်း၊ နန္ဒာလှစေတီတော်မြတ်ကြီးသီတင်းသုံး စံပါယ်ရာ တောင်ခြေတွင်တည်ရှိပါသည်။
သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်ကို ၁၃၇၃-ခုနှစ် (၂၀၁၀)ပညာသင်နှစ်မှစ၍ ပတ်ဝန်းကျင် ရွာများမှ လာရောက်သီတင်းသုံးနေထိုင်ကြသော စာသင်သားရဟန်း/သာမဏေ ၂၆ ပါးတို့အား ပရိယတ္တိစာပေတို့ကို အခြေခံမှစကာသင်ကြားပေးခဲ့ပါသည်။ စာမေးပွဲခေတ်ဖြစ်သည်နှင့်အညီ အတန်း အသီးသီးအားဖြင့် (၁) အာဂုံပြန်တမ်း (၂) အာဂုံရေးဖြေတန်း၊ (၃) အခြေပြုမူလတန်း၊ (၄) ပထမငယ် တန်း စာသည်ဖြင့် သင်ကြားပို့ချခဲ့ပါသည်။
ထိုသို့သင်ကြားမူ့ကြောင့် အင်္ဂပူမြို့နယ်လုံးဆိုင်ရာ စာမေးပွဲ၌ (၁) အာဂုံ/ရေးဖြေတန်းတွင် (၈)ပါး၊(၂)အခြေပြုမူလတန်းတွင် (၂)ပါး၊ (၃) ပထမငယ်တန်းတွင် (၂)ပါး အောင်မြင်တော်မူခဲ့ပါသည်။ အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမငယ်တန်း၌ (၁)ပါး(မြို့နယ်ဆင့်-ဒုတိယ) အောင်မြင်ခဲ့ပါ သည်။
စာသင်တိုက်၏ သြ၀ါဒါစရိယဆရာတော်ကြီးဘဒ္ဒန္တသာသနမဟာထေရ်၏ ဆုံးမလမ်းညွန်မူ့၊ ပဓာန နာယကဆရာတော်ဦးပဏ္ဍ၀ံသ၏ ကျိုးစားအားထုတ်မူ့တို့ကြောင့် စာသင်တိုက်သည် ယ္ခုနှစ် (၂၀၁၁-၂၀၁၂)ပညာသင်နှစ်တွင် စာသင်သား ရဟန်း/သာမဏေ (၃၅)ပါးအထိများလာပါသည်။ စာသင်သားများတနှစ်ထက်တနှစ်တိုးပွားလာသဖြင့် စာသင်တိုက်တို့၏အင်္ဂါဖြစ်သော စာအံကျောင်း သည်မရှိမဖြစ်လိုအပ်လာပါသည်။ လက်ရှိ စာအံကျောင်းအဖြစ်အသုံးပြုနေသော ဆွမ်းစားကျောင်း မှာလည်း နှစ်ပေါင်း (၉၀)နီးပါးရှိ၍အိုမင်းဟောင်းနွမ်းနေပြီဖြစ်ပါသည်။ သို့အတွက်ကြောင့် ကျောင်းတိုက် သာသနာပြု ဒကာ၊ဒကာမများနှင့် တိုင်ပင်လျက် (ပေ-၈၀x ပေ-၄၀) RC, နှစ်ထပ် ကျောင်းဆောင်ကို ၁၃၇၃-ခုနှစ်၊ နယုန်လ္ဆန်း(၇)ရက်မှစတင်ကာဆောက်လုပ်ခဲ့ရာ ယ္ခုအခါ ပထမထပ် ကြမ်းခင်းလောင်းရန် ပြင်ဆင်နေပြီဖြစ်ပါသည်။
`
စာသင်တိုက်၏တနေ့တာလုပ်ဆောင်ချက်များ
၁။ နံနက် ၄.၃၀-နာရီတွင် အိပ်ယာထမျက်နှာသစ်ပြီးလျှင် သေခိယနှင့်သင်္ကန်းရုံလျက်သပိတ် လွယ်လျက် တန်းစီခြင်း။
၂။ နံနက် ၅-နာရီတွင် မေတ္တာသုတ်ညီညာစွာရွတ်ဖတ်ပြီး သက်ဆိုင်ရပ်ကွက်တို့၌ဆွမ်းခံ ကြွခြင်း။
၃။ နံနက် ၆ နာရီတွင် ဆွမ်းစားကျောင်းတွင် မိမိတို့ဆွမ်းဝိုင်း၌ ပစ္စဝေက္ခဏာဆင်ခြင်လျက် အာရုံဆွမ်းဘုဉ်းပေးခြင်း။
၎။ နံနက် ၇-နာရီတွင် သတ်မှတ်ထားသော စာအံကျောင်း၌ စာကျက်စာအံခြင်း။(မှတ်ချက်။ ။ မိမိတို့အတန်းဆိုင်ရာ စာဝါများတက်ခြင်း။)
၅။ နံနက် ၉- နာရီတွင် စာအံကျောင်း/စာဝါများမှဆင်းကာ နေဆွမ်းခံထွက်ရန်ပြင်ဆင်ခြင်း။
၆။ နံနက် ၉.၃၀-နာရီတွင် ရပ်ကွက်အသီးသီးသို့ဆွမ်းခံကြွခြင်း။
၇။ နံနက် ၁၁-နာရီတွင် ဆွမ်းစားကျောင်းတွင် မိမိတို့ဆွမ်းဝိုင်း ပစ္စဝေက္ခဏာ ဆင်ခြင်လျက် နေဆွမ်းဘုဉ်းပေးခြင်း။
၈။ နေ့လည် ၁၂ နာရီမှ နေ့လည် ၁ နာရီထိ ကျိန်းစက်ခြင်း။
၉။ နေ့လည် ၁ နာရီမှ ညနေ ၄.၃၀ နာရီအထိ စာအံကျောင်းတက်ခြင်း။ သက်ဆိုင်ရာ စာဝါများကို တက်ခြင်း။
၁၀။ ညနေ ၅ နာရီတွင် သန့်ရှင်းရေးလုပ် ရေချိုး၊ ပြီးပါက အလှည့်ကျအဖွဲ့မှ ဘုရားဝတ်တက် ဘို့ရန်နေရာခင်းကျင်းခြင်း။
၁၂။ ညနေ ၆.၃၀ နာရီတွင် စာချ/စာသင် ရဟန်းသာမဏေအားလုံး ဘုရားဝတ်တက်ခြင်း။
၁၃။ ည ၇ နာရီမှ ည ၉ နာရီအထိ စာအံကျောင်းတက်ခြင်း၊ ကျက်မှတ်ပြီးသော စာဝါတို့ကို ပြန်ဆိုခြင်း။
သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်အတွင်းတွင်သီတင်းသုံးလျက်စာပေပရိယတ္တိသင်ကြား နေသောစာသင်သား
ရဟန်းသာမဏေတို့လိုက်နာရမည့်စည်းကမ်းများ
၁။ သဒ္ဓါတရားရှိရမည်။
၂။ ကိုယ်ကျင့်သီလကောင်းရမည်။
၃။ ဘုရားဝတ်တက်မှန်ရမည်။
၎။ ဆွမ်းခံဝတ်မှန်ရမည်။
၅။ သေခိယနှင့်အညီသင်္ကန်းဝတ်ရုံရမည်။
၆။ စာကျက် စာအံအချိန်မှန်ရမည်။
၇။ နေ့လွဲ ညအခါမြို့တွင်း ရွာတွင်းမသွားရ။
၈။ ခိုက်ရန်ဒေါသမဖြစ်ရ။
၉။ အုပ်ချုပ်သူဆရာသမားများအပေါ်၌ ဂရုဂါရရှိရမည်။
စာသင်တိုက်၏ရည်ရွယ်ချက်များမှာ
၁။ ပရိယတ္တိစာပေတတ်ကျွမ်းသော ရဟန်းတော်များပေါ်ပေါက်ရန်။
၂။ မြို့ကြီးများရှိစာသင်တိုက်များသို့ သွားရောက်၍ပညာမသင်ကြားနိုင်သော ပစ္စည်းလေးပါး ရှားပါးသော ရဟန်း/သာမဏေတို့ ပရိယတ္တစာပေသင်ကြားနိုင်ရန်။
၃။ တောနယ်များရှိဘုန်းတော်ကြီးကျောင်းများ၌ စာပေတတ်ကျွမ်းသော ရဟန်းတော်တို့ဖြင့် အနာဂတ်တွင် အစားထိုးနိုင်ရန်။
၎။ စာပေတတ်ကျွမ်းသော တရားဟောဓမ္မကထိကများ ပေါ်ထွန်းရန်။
၅။ ပြည်တွင်း/ပြည်ပသာသနာပြု ရဟန်းတော်များပေါ်ထွန်းစေရန်တို့ဖြစ်ပါသည်။
ဤသို့သောရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ယ္ခု ၂၀၁၁-၁၂- ပညာသင်နှစ်မှာလည်း အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမလတ်တန်း ၂ ပါး၊ ပထမငယ်တန်း ၆ ပါးဝင်ရောက်ဖြေဆိုမည်ဖြစ် ပါသည်။ မြို့နယ်လုံးဆိုင်ရာ စာမေးပွဲတွင်လည်း အတန်းစုံ ၂၂ ပါးဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည်။
တရားမနာ စာပေမသင်၊ နူတ်တွင်မဆောင် သိအောင်မမှတ်၊
ပဋိပတ်ကွာ ဤငါးဖြာ၊ လူရွာသာသနာ ကွယ်ကြောင်းတည်း။
စာသင်,စာချ အကျိုးရလင်္ကာ
စာချ စာသင်အလုပ်ခွင်ဝယ်၊ နေစဉ်မွေ့လျော် များသူတော်တို့
ရွှင်ပျော်လုံးလ သဒ္ဓါကြွ၍၊ ဉာဏစင်ဖြူ သင်ချမူကား၊
ထိုသူစီးပွား သုတများသဖြင့်၊ စဉ်းစားဉာဏ်ကြွယ် အမြင်ကျယ်၏။
မကွယ်စေကာ ကိလေသာလည်း၊ သူငါရုန့်ကြမ်း ဖြစ်စတမ်းသို့၊
ဗရမ်းပတာ ဖြစ်မလာပဲ၊ ဣဿာ မစ္ဆေရ မထကြွဘူး၊
ရာဂဒေါသော မာနမောတို့ အပြောမကျယ်သေးသေးငယ်မှ
စ၍ပဟာန် တဒင်္ဂန်နှင့် ၀ိက္ခမ္ဘနပယ်နိုင်ကြသည်
သင်,ချအကျိုးစာတန်ခိုး။
(အမရပူရ - မဟာဂန္ဓာရုံဆရာတော်ကြီး)