Saturday, March 1, 2014

အလုပ်ဖြင့်သက်သေပြနိုင်ကြပါစေ

          လူအမျိုးမျိုး နတ်အဖုံဖုံ- ဟုရှေးလူကြီးများက ဆိုးရိုးစကားသုံးနူန်းကြသည်။ ဆိုလိုသည်မှာ အကျင့်စရိုက်မျိုးစုံ ၀ါသနာမျိုးစုံ စသည်ဖြင့် လူအမျိုးမျိုးရှိကြသလို နတ်ဒေများတွင်လည်း ကောင်းတဲ့နတ် ဆိုးတဲ့နတ် ကောင်းကျိုးပေးတဲ့နတ် ဆိုးကျိုးပေးတဲ့နတ်စသည်ဖြင့် နတ်အမျိုး အစား များစွာရှိခြင်းကိုဆိုလိုပါသည်။
          လူတိုင်းသည် ပတ်ဝန်းကျင်အသိုင်းအသ၀ိုင်းနှင့်နေကြရသည်။ မိဘ၊ ဆရာသမား ၊အဖိုးအဖွား၊ ညီအစ်ကို၊မောင်နှစ်မ၊တစ်လမ်းထဲနေ၊ ရပ်ကွက်တွင်း၊ ရွာတွင်းစသည်ဖြင့် လူတိုင်းတွင်ပတ်ဝန်းကျင် အသီးသီးရှိကြသည်။ ထိုကဲ့သို့နေကြရသော ပုဂ္ဂိုလ်တို့အတွက် အမျိုးမျိုးသောလူတို့နှင့်မဖြစ်မနေ ဆက်ဆံကြရသည်။ အသင်းအဖွဲ့အစည်းစသည့်ဖြင့် လူမူ့ရေး ကိစ္စအလုံးစုံတို့ပါဝင်လာကြသည်။ တချို့ သောပုဂ္ဂိုလ်တို့သည်အပြောကောင်း၏။ လေလုံးထွား၏။ ဟန်ပန်အမူအရာကောင်း။ သူမရှိလျှင်ကမ္ဘာ ကြီးပျက်တော့မလိုပြောတတ်ကြ၏။ အပြောသာ များပြီးလက်တွေ့သဘောကိုမဆောင်တတ်ကြပေ။ အပြောကိုအပြောအတိုင်းသာထားပြီး လက်တွေ့လုပ်ပြဘို့စိတ်မ၀င်စားတတ်ကြပေ။ များများပြော နည်းနည်းလုပ်ဖြစ်နေ၏။ အမှန်က နည်းနည်းပြော များများလုပ်ဘို့လိုပါ၏။ ရပ်ထဲရွာထဲတွင် ထိုကဲ့ သို့သောပုဂ္ဂိုလ်တို့များနေပြီဆိုလျှင် ရပ်ရွာမတိုးတက်မစည်းလုံးနိုင်ပေ။
          မြန်မာလူမျိုးတို့၏ အကျင့်သည်ကား စကားလုံးတွေကြီးကျယ်၏။ ရည်ရွယ်ချက် ရည်မှန်းချက် တွေအလွန်ကြီးမား၏။ သို့သော်လေထဲတွင်သော်လည်းကောင်း စာရွက်ပေါ်တွင် လည်းကောင်းပျောက် သွားတတ်ကြပါသည်။ ကြာရှည်မတည်တတ်ကြပါပေ။ ရပ်ကျိုးရွာကျိုး သယ်ပိုးရွက်ဆောင်လိုသော ပရဟိတအဖွဲ့စည်းများသည်လည်း လေဖြင့်တည်ဆောက်လို ကြသည်။ အလုပ်မလုပ်မှီကပင်အဖွဲ့ဝင် များလိုကြသည်။ နေရာများလုတတ်ကြသည်။ အမှန် တကယ်ဆိုလျှင် အလုပ်ဖြင့်သက်သေပြလုပ်ဆောင် ဘို့လိုပါသည်။ သို့မှသာ အဖွဲ့အစည်း တည်တံ့ခြင်း၊ သူတပါးယုံကြည်ခြင်း၊ တိုးတက်ခြင်း၊ အဖွဲ့ဝင်ဦးရေ တိုးပွားခြင်းတို့ရှိမည်ဖြစ်သည်။ တပါးသောသူများ၏ ယုံကြည်မူ့ အားကိုးမူ့ကို အလုပ်ဖြင့်သက်သေပြ၍ ရယူခြင်းသာ အကောင်းနည်းလမ်းဖြစ်ပါသည်။
          သူတပါးအကျိုးသယ်ပိုးရွက်ဆောင်ခြင်း မိမိပတ်ဝန်းကျင် မိမိဒေသ မိမိရပ်/ရွာဖွံ့ဖြိုး တိုးတက် အောင်ပါဝင်လုပ်ဆောင်ရမည်မှာလူသားတိုင်းတာဝန်ရှိပါသည်။ တာဝန်ရှိ၍ တာဝန် သိလျှက် မိမိတဦး ဖြစ်စေ၊အသင်းအဖွဲ့အစည်းအားဖြင့်ဖြစ်စေ ပါဝင်လုပ်ဆောင်ရပါမည်။ ထိုအတူအခြားသူများပါဝင်လုပ် ဆောင်လာအောင်စည်းရုံးဘို့လည်းလိုပါ၏။ ထိုသို့စည်းရုံးရာ၌ အပြောနှင့်မဟုတ်ပဲ ရှေးဆုံးမှနေ၍ ကိုယ်ကျင့်တရားရိုးသားဖြောင့်မှန်စွာ လက်တွေ့လုပ်ဆောင် ပြခြင်းဖြင့်သာလျှင် အခြားသူတို့ယုံကြည်မူ့ ရှိလာပြီးပါဝင်လုပ်ဆောင်မည်ဖြစ်ပါတော့သည်။

No comments:

Post a Comment