စာရေးသူတို့ရွာကလေးသည် ဧရာဝတီတိုင်းအတွင်း၊ အနောက်ရီုးမနှင့်ကပ်လျပ်ရှိသော အင်္ဂပူမြီု့နယ်အတွင်း ရှိကွင်းကောင်းဒေသတွင်ပါဝင်သည်။ စာရေးသူတို့ငယ်စဉ်က တန်းကျောင်းမတက်ခင် စာရေးသူ မမနှစ်ယောက် စာသင်နေသော ဆရာဦးစိတ္တ ဆိုသော ဘုန်းကြီးလူထွက်ထံလိုက်လိုက်သွားသည်။ ဘာတွေသင်နေမှန်းမသိ သော်လည်းအမြဲလိုက်နေရသည်။ အဘယ်ကြောင့်ဆိုသော် စာရေးသူတို့မောင်နှစ်မသုံးယောက်ရှိရာ စာရေးသူက အငယ်ဆုံးဆိုတော့ သူတို့ကထိန်းရသည်။ အဲသည်တုန်းကစာရေးသူအသက်က ၅ နှစ်သာသာ ရှိအုံးမည်။ မိဘတွေအလုပ်သွားရင် မမတွေကစာရေးသူကိုထိန်းရသည်။ ဒါကြောင့်ကလေးထိန်းရင်း စာသင်ရသည်။ စာရေးသူအသက် ၈ နှစ်အရွယ်တွင် အခြေခံပညာမူလတန်းကျောင်းကို စတက်ရသည်။ မူတန်းကျောင်းကိုသွားလျှင် ကျောင်းသားအားလုံး လက်ပိုက်ကာ သွားရပါသည်။ လူကြီးများကို တွေ့လျှင်ခေါင်းငုံ့ရသည်။ အခြင်းခြင်းရန်မဖြစ်ရပါ။ သည်စနစ်ကို ကျောင်းအုပ်ဆရာမကြီးက ချမှတ် ထားသည်။ မလိုက်နာလျှင်အပြစ်ပေးသည်။ ဒါကြောင့် စာရေးသူတို့ကလေးများက လိုက်နာကြရ သည်။ ဆရာ၊ ဆရာမမျာထံ စာပြန်သောအခါ၌လည်း လက်ပိုက်လျှက်ပြန်ဆိုရသည်။ ဆရာ၊ ဆရာမ များအပေါ်၌ ချစ်ကြောက်ရိုသေကြသည်။ ဆရာ၊ ဆရာမများကလည်း တပည့်များအပေါ်၌ သားသမီးအရင်းသဖွယ် စေတနာအပြည့်အ၀ထားကသင်ကြားပေးသည်။ စာရေးသူနေသော ရွာနှင့်ကျောင်းက ၂ မိုင်ကျော်လောက်ဝေးမည်ထင်သည်။ မိုးတွင်းအခါများဆိုရင် လမ်းတလျောက် ဗွက်တောကိုရုံးသွားရသည်။ တခါတရံချော်လဲတတ်သည်။ ချော်လဲရင်လဲ စာရေးသူတို့မှာလဲစရာ အင်္ကျီပုဆိုး အပိုမပါ။ သည်လိုပဲရွံ့တွေကိုရေဆေးကာ ကျောင်းတက်လိုက်ကြသည်။ ရွံ့ဆိုတာ စာရေးသူတို့အထူးအဆန်းမဟုတ်။ စာရေးသူတို့ ရွာဘေးစမ်းချောင်းသေးသေးလေးရှိသည်။ ရွံ့ဗွက်တွေကလဲပေါမှပေါ။ ကျောင်းပိတ်ရက် နေ့တွေဆို သည်ရွံ့ဗွက်ထဲမှာ လုပြီးခုန်ချကြသည်။ ခါးလည်အထိမြုပ်သွားတတ်သည်။ ခုန်ချလိုက် စမ်းချောင်းထဲဆင်းရေချိုးလိုက်နဲ့ သိတ်ပျော်စရာကောင်းသည်။ ရွံ့စရာဟုတခါမှမတွေးခဲ့ပေ။ သို့အတွက်ကြောင့် ကျောင်းတက်သွားရာ၌ လမ်းပေါ်ကရွံ့လောက်တော့ စာရေးသူတို့ သူငယ်ချင်းတွေကမမူပါပေ။ ကျောင်းတက်သွားသောအခါ စာရေးသူတို့ထမင်းကျိုင့်ယူသွားကြရသည်။ ဟင်းကောင်းတာမကောင်းတာ စာရေးသူတို့ဂရုမစိုပါ။ မုန့်ဖိုး မရှိလျှင်အိမ်အောက်ဆင်းပြီး ရှာသည်။ အိမ်အောက်၌ အကြွေစေ့ ဆယ်ပြားစေ့ သို့မဟုတ် တမတ်စေ့လောက်ရရင်ပျော်ရသည်။ အကြွေစေ့က ဟောင်းနေသော် စာရေးသူက သဲထဲချက ခြေဖနောင့်နာနာပွတ်ပေးလျှင် အကြွေစေ့လေးသည် ဖြူဖွေးသွားသည်။ အဲဒါလေးယူကာကျောင်းတက်သည်။ ဆယ်ပြားစေ့တစေ့ဆိုလျှင် ပဲကြီးလျော်တထုတ်ရသည်။ ခေါက်မုန့်တချပ်ရသည်။ အတော်ကိုအဆင်ပြေသည်။
No comments:
Post a Comment